မိုးရာသီမှာ အဖြစ်များတဲ့ အူရောင်ငန်းဖျားရောဂါဆိုတာ
အူရောင်ငန်းဖျားရောဂါလို့ လူသိများတဲ့ တိုက်ဖွိုက်ရောဂါဟာ Salmonella Typhi ဘက်တီးရီးယားကြောင့် ဖြစ်ပြီး မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေက တဆင့် ကူးစက်နိုင်ပါတယ်။ မိုးရာသီမှာ မိုးရွာရေကြီးပြီး မသန့်ရှင်းတဲ့ ရေတွေကြောင့် အူရောင်ငန်းဖျားရောဂါ ပိုအဖြစ်များပါတယ်။
ဘယ်လို ကူးစက်နိုင်သလဲ?
- ရောဂါပိုးရှိသူက အညစ်အကြေးစွန့်ပြီး လက်မဆေးဘဲ ကိုင်တွယ်ထားတဲ့ စားစရာတွေကို ကိုင်တွယ်မိတာ
- မသန့်ရှင်းတဲ့ အိမ်သာကို အသုံးပြုပြီး လက်မဆေးဘဲ ပါးစပ်ကို ထိကိုင်မိတာ
- အညစ်အကြေးတွေက မြစ်ချောင်း၊ အင်းအိုင်နဲ့ ကန်တွေထဲ ရောက်သွားပြီး ထိုရေကို သောက်သုံးမိတာ
- အညစ်အကြေးတွေ ရှိနေတဲ့ မြစ်ချောင်း၊ အင်းအိုင် နဲ့ ကန်တွေထဲက ငါး၊ ပုဇွန်တွေကို စားသုံးမိတာ
- အညစ်အကြေးတွေ အသုံးပြုပြီး စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားမိတာ
- ရောဂါပိုးရှိသူနဲ့ စအိုကတဆင့် သို့မဟုတ် ပါးစပ်ကတဆင့် လိင်ဆက်ဆံတာတွေကနေ ကူးစက်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေက…
- အဖျားကြီးတာ (103 ဒီဂရီဖာရင်ဟိုက်နဲ့ အထက်)
- ချမ်းတုန်တာ
- နုံးချိနေတာ၊ မစားချင် မသောက်ချင်ဖြစ်တာ
- ခေါင်းကိုက်တာ
- အသည်းနဲ့ ဘေလုံးကြီးတာ
- ဗိုက်အောင့်တာ
- ဝမ်းသွားတာ သို့မဟုတ် ဝမ်းချုပ်တာ
- ရင်ဘတ်မှာ အနီစက် ထွက်တာတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လို နေထိုင်သင့်သလဲ
အူရောင်ငန်းဖျားဖြစ်တဲ့အခါ ပူနွေးပျော့ပြောင်းပြီး အာဟာရဖြစ်တဲ့ အစားအစာများကို ရွေးချယ်စားသုံးရပါမယ်။ နည်းနည်းနဲ့ မကြာခဏ စားပေးပါ။ ရေများများသောက်ပါ။
ကုသမှုအနေနဲ့ ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး ပိုးသတ်ဆေးကို ၁ ပတ်မှ ၂ ပတ်ခန့် သောက်တာဖြစ်ဖြစ်၊ ထိုးတာဖြစ်ဖြစ် လုပ်ရပါမယ်။ ၂ ရက် ၃ ရက်ကြာလို့မှ မသက်သာရင် ဆေးယဥ်ပြီး ဆေးမတိုးတာ ဖြစ်နိုင်လို့ ပိုးသတ်ဆေးနောက်တစ်မျိုး ပြောင်းပေးရန် လိုအပ်ပါတယ်။
အနားယူတာ၊ ရေများများသောက်တာ၊ အာဟာရဖြစ်အောင် စားတာ၊ အိမ်သာမှထွက်တိုင်း လက်သေချာဆေးတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာတွေလည်း လုပ်ရပါမယ်။
အူရောင်ငန်းဖျားရောဂါကို ကာကွယ်ဖို့ ကာကွယ်ဆေး ထိုးဆေး (၂ နှစ်အထက်မှ ထိုးလို့ရ) နဲ့ သောက်ဆေး ( ၆ နှစ်အထက်မှ သောက်လို့ရ) ရှိပါတယ်။ အစားအစာနဲ့ရေ သန့်ရှင်းရေးကို ဂရုစိုက်တာ၊ အိမ်သာမှအထွက်နဲ့ အစားအစာတွေ မကိုင်တွယ်ခင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးတာတွေကလည်း ရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။
အူရောင်ငန်းဖျားရောဂါဟာ မိုးရာသီမှာ ပိုအဖြစ်များတယ် ဆိုပေမယ့် သန့်ရှင်းရေးကို သေချာဂရုစိုက်ပြီး ကာကွယ်လို့ရပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အစားအစာနဲ့ရေ သန့်ရှင်းရေးကို ဂရုစိုက်တာက ဝမ်းပျက်ဝမ်းလျှောနဲ့ အသည်းရောင်အသားဝါ အေတိုလို့ ရောဂါတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်